ထိုင်းမှာ နိုင်ငံခြားသား customer တွေထဲက မြန်မာတွေဟာ အလှကုန် (beauty) ဝယ်ယူမှုမှာ ပျမ်းမျှထက် ၂.၇ ဆ ပိုသုံးနေတယ် — ဒါ ကျနော် ပထမဆုံး ဖတ်လိုက်ရတဲ့အခါ နည်းနည်း အံ့သြသွားတယ်။

ဒီ Data က The 1 Insight (ထိုင်း Central Group ရဲ့ data unit) ထုတ်ပြန်တဲ့ “Expat Economy” report ထဲက ပါတယ်။ ပွင့်ပွင်းလင်းလင်းပြောရရင် ဒါက neutral research မဟုတ်ဘူး — Central Group ကိုယ်တိုင် သူတို့ loyalty program ကို promote ဖို့ ထုတ်တဲ့ data ပါ။ ဒါပေမယ့် member ၂၀ သန်းကျော်ရဲ့ တကယ်ဝယ်တဲ့ record ကနေ ထွက်လာတာ ဖြစ်လို့ direction ကတော့ ယုံကြည်လောက်ပါတယ်။

Tourist မဟုတ်တော့ဘူး — “ရေရှည်နေထိုင်သူ” တွေ ဖြစ်နေတယ်

အရင်က ထိုင်း retail ကို မောင်းနှင်တာ tourist တွေ ဖြစ်တယ်။ အခု ပြောင်းသွားပြီ။

အခုခေတ်မှာ ထိုင်းမှာ ရေရှည် နေထိုင်တဲ့ Long Term Visa သမားတွေ၊ အလုပ်လုပ်တဲ့၊ မိသားစုနဲ့ အခြေချတဲ့ နိုင်ငံခြားသားတွေက အဓိက ဖြစ်လာတယ်။ ဒီ “Expat Economy” ထဲက consumer တွေဟာ ထိုင်းလူမျိုးထက် ပျမ်းမျှ ၁.၅ ဆ ပိုသုံးကြတယ်။ Souvenir တစ်ခါတည်း ဝယ်တာ မဟုတ်ဘဲ — ကုန်ခြောက်၊ အလှကုန်၊ အိမ်သုံးပစ္စည်း စတဲ့ နေ့စဉ်သုံးတွေကို ထပ်ခါထပ်ခါ ဝယ်တာမျိုးတွေပါ။

The 1 က နိုင်ငံတစ်ခုစီရဲ့ ဝယ်ယူပုံ “shopping fingerprint” ကို တွေ့ရှိတယ် — တရုတ်က home & beauty၊ ရုရှားက ကလေးပစ္စည်း၊ ဂျပန်က နေ့စဉ်သုံး။ မြန်မာက အလှ နဲ့ fashion ဘက်က ထိပ်ဆုံးမှာ ရပ်နေတယ်။

မြန်မာ fingerprint — ၂.၇ ဆ ရဲ့ နောက်ကွယ်က ဘာလဲ

မြန်မာ consumer တွေက —

  • Beauty: ပျမ်းမျှထက် ၂.၇ ဆ
  • Fashion: ပျမ်းမျှထက် ၁.၅ ဆ

ဒါက Thai Beauty (T-Beauty) ပစ္စည်းတွေ မြန်မာတွေကြားမှာ ရေပန်းစားနေတာကို ပြတယ်။ ဝယ်တဲ့နေရာတွေက မဲဆောက် နယ်စပ်ရော၊ Bangkok က mall ကြီးတွေမှာပါ။

အရေးကြီးဆုံး အချက်က — ဝယ်တဲ့ရည်ရွယ်ချက်ပါ။ မြန်မာတွေကကိုယ်သုံးဖို့တင် မဟုတ်ဘူး။ လက်ဆောင်ပေးဖို့၊ ပြီးတော့ မြန်မာပြန်ရောင်းပြီး business လုပ်ဖို့ပါ။

ဒါ ဆိုလိုတာ ဘာလဲ။ T-Beauty ကို မြန်မာထဲ ပြန်ရောင်းတဲ့ market တစ်ခု တကယ်ရှိနေတယ် — data က အဲဒါကို သက်သေပြလိုက်တာ။ လူ တချို့ ဒါကို လုပ်နေတယ်ဆိုတဲ့သဘောပေါ။

ကျနော့်ကို စိတ်ဝင်စားစေတဲ့ အပိုင်း — “ဘယ်လို သိသွားတာလဲ”

Business opportunity က တစ်ဖက်။ ကျနော်က MarTech (Digital Marketing ကို tech ဘက်က ကူညီပေးတာ) ဘက်က လုပ်တဲ့သူမို့ ပိုစိတ်ဝင်စားတာက တစ်ခြားပါ —

The 1 က ဒီ insight တွေ ဘယ်လို သိသွားတာလဲ?

သူတို့မှာ first-party data (ကိုယ့် customer ကိုယ်တိုင် ဝယ်တဲ့ record ကို ကိုယ်ပိုင် စုထားတဲ့ data) ရှိတယ်။ Loyalty app တစ်ခုကနေ member ၂၀ သန်းကျော်ရဲ့ ဝယ်ယူမှု history ကို စုထားတယ်။ အဲဒီ data ကို AI နဲ့ ခွဲခြမ်းကြည့်လိုက်တော့ — “ဘယ်နိုင်ငံသားက ဘာ၊ ဘယ်နေရာမှာ၊ ဘယ်လောက် ဝယ်တယ်” ဆိုတာ ထွက်လာတယ်။

ဒီနေရာမှာ Myanmar SME owner တွေအတွက် သင်ခန်းစာ ရှိတယ်။

ကိုယ်က Central Group လို ကြီးကြီးမားမား မဖြစ်ဖို့ မလိုဘူး။ ဒါပေမယ့် ကိုယ့်ဆီ customer data — ဘယ်သူ၊ ဘာ၊ ဘယ်အချိန် ဝယ်တယ် — ကို စနစ်တကျ စုထားရင် ကိုယ်လည်း ကိုယ့် customer ရဲ့ “fingerprint” ကို မြင်နိုင်တယ်။

အဲဒါ မြင်ရင် ad ပိုက်ဆံ ဖြုန်းစရာ မလိုတော့ဘူး။ တကယ်ဝယ်မယ့်သူဆီပဲ Target ပစ်လို့ရတယ်။

ကိုယ့် business အတွက် ဘာလုပ်နိုင်လဲ

ကြီးကြီးကျယ်ကျယ် software မလိုပါဘူး။ အခု ချက်ချင်း စလုပ်နိုင်တာ ၃ ခု —

၁။ Order တိုင်း မှတ်ပါ — နာမည်၊ ဘာဝယ်တယ်၊ ဘယ်အချိန် ဝယ်တယ်။ Excel တစ်ခုနဲ့တောင် စလို့ရတယ်။

၂။ ထပ်ဝယ်တဲ့သူ ရှာပါ — တစ်ခါထက်ပို ဝယ်တဲ့သူတွေက ကိုယ့်ရဲ့ အကောင်းဆုံး customer။ သူတို့ကို သီးသန့် ဂရုစိုက်ပါ။

၃။ ဘာ အရောင်းရဆုံးလဲ ကြည့်ပါ — Data က ဘာ promote လုပ်သင့်လဲ ပြောပြတယ်။ ကိုယ့်ခံစားချက်နဲ့ မဟုတ်ဘဲ၊ ဂဏန်းနဲ့ ဆုံးဖြတ်ပါ။

ဒီ data က ထိုင်းအကြောင်း ဖြစ်ပေမယ့်၊ သင်ခန်းစာက ဘယ်နေရာ business အတွက်မဆို တူတူပါပဲ — ကိုယ့် customer ကို တကယ်သိမှ၊ ကိုယ့် marketing ထိရောက်မယ်