Meta က ad account ထဲ ငွေဖြည့်တဲ့ နေရာမှာ stablecoin (USDC) ကို payment option တစ်ခုအဖြစ် စတင် လက်ခံနေပါပြီ။ Crypto နဲ့ Facebook Ads ဆိုတာ တစ်ခါမှ မတွဲဖူးတဲ့ အရာနှစ်ခုဆိုတော့ ကြားရတာနဲ့ စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဒါပေမဲ့ တကယ့် အသေးစိတ်ကို ဖတ်ကြည့်တော့ — ဒါဟာ “crypto နဲ့ ကြော်ငြာလို့ ရပြီ” ဆိုတာထက် ရှုပ်ထွေးပါတယ်။ ကျနော် Meta ရဲ့ official help page ကို ဖတ်ပြီး business owner တစ်ယောက် သိသင့်တာတွေကို ရိုးရှင်းအောင် ပြန်ရေးပေးလိုက်ပါတယ်။
အလုပ်လုပ်ပုံက ဘယ်လိုလဲ
နားလည်ရ လွယ်အောင် အဆင့်လိုက် ပြောရရင် —
- Ad account ရဲ့ Add funds မှာ stablecoin ကို ရွေးလိုက်တယ်
- ကိုယ့် crypto wallet ကနေ USDC ကို third-party payment partner ရဲ့ wallet ဆီ ပို့တယ်
- အဲဒီ partner က USDC ကို local currency (fiat) ပြောင်းပြီး Meta ဆီ ပေးချေတယ်
- Meta က ကိုယ့် ad account ထဲ balance အဖြစ် credit ထည့်ပေးတယ်
- အဲဒီ prepaid balance ကို သုံးပြီး ads အမြဲလိုပဲ run လို့ရတယ်၊ ကုန်ခါနီးရင် ထပ်ဖြည့်ဖို့ ထပ် တက်လာမယ်
ဒီမှာ အရေးကြီးတဲ့ အချက်တစ်ခု ရှိပါတယ် — Meta က stablecoin ကို ကိုယ်တိုင် မကိုင်ဘူး။ လက်ခံတာ၊ ပြောင်းလဲတာ အားလုံးက third-party partner ဘက်မှာပါ။ Meta ကတော့ fiat ပဲ လက်ခံပြီး credit ပဲ ထည့်ပေးတာ။
သိထားရမယ့် ကန့်သတ်ချက် ၂ ခု
Help page မှာ တိတိကျကျ ရေးထားတာ ၂ ခု ရှိတယ် —
(၁) နိုင်ငံအားလုံးမှာ မရသေးဘူး။ အချို့နိုင်ငံတွေမှာပဲ ad account ထဲ funds ဖြည့်ဖို့ USDC သုံးလို့ရတယ်။ Meta က ဘယ်နိုင်ငံတွေလဲ ဆိုတာ list မထုတ်ထားလို့ ကိုယ့် ad account ရဲ့ Payment settings ထဲ ဝင်ကြည့်တာက အသေချာဆုံးပါ။
(၂) Standalone payment method မဟုတ်သေးဘူး။ ဆိုလိုတာက card ဒါမှမဟုတ် တခြား payment method ကို လုံးဝ အစားထိုးလို့ မရသေးဘူး။ Balance ဖြည့်တဲ့ နည်းလမ်း တစ်ခုသာ ဖြစ်ပါတယ်။
Fees အပိုင်း
Meta ကိုယ်တိုင်က stablecoin နဲ့ ပေးလို့ fee မယူပါဘူး။ ဒါပေမဲ့ ကြားထဲက third-party တွေ — wallet၊ exchange၊ blockchain network — က network fee ဒါမှမဟုတ် processing fee ယူနိုင်ပါတယ်။
အဲဒီ fee တွေက Meta ရဲ့ ထိန်းချုပ်မှုအောက်မှာ မဟုတ်ဘူး၊ transaction မ confirm ခင် third-party app ထဲမှာ ပြပေးရမယ်လို့ ဆိုထားတယ်။ ဒါကြောင့် confirm မနှိပ်ခင် fee ဘယ်လောက် ဖြတ်မလဲ ဆိုတာ ကိုယ်တိုင် စစ်ဖို့ လိုပါတယ်။
အရေးအကြီးဆုံး အချက် — ငွေက တစ်လမ်းသွား ဖြစ်တယ်
ဒါက Stable Coin တွေ ၊ Crypto တွေ အကြောင်းနားမလည်သေးတဲ့သူ တွေဂရုစိုက်ရမယ့် အပိုင်းပါ။
Refund policy က Meta ရဲ့ ပုံမှန် billing refund policy အတိုင်းပါပဲ။ ဆိုလိုတာက မသုံးရသေးတဲ့ ad account balance ကို ad credit အဖြစ်ပဲ ပြန်ပေးမှာ ဖြစ်ပြီး၊ Meta က stablecoin ကို crypto wallet ဆီ တိုက်ရိုက် ပြန်မလွှဲပေးပါဘူး။ (အခြား Payment Method တွေလဲ လက်ရှိ အဲလိုပါပဲ)
ဆိုတော့ ad account ထဲ ငွေအများကြီး ကြိုဖြည့်ထားပြီး နောက်မှ campaign မလုပ်တော့ဘူး ဆိုရင် — အဲဒီပိုက်ဆံက Meta ads ထဲမှာပဲ ကျန်နေမှာပါ။ Cash ပြန်မထုတ်လို့ ရဘူး။
နောက်တစ်ခုက ပိုဆိုးတယ် — address မှား ဒါမှမဟုတ် support မလုပ်တဲ့ network ကို ပို့မိရင် အဲဒီပိုက်ဆံ ပြန်မရတော့ဘူး။ Recover လုပ်လို့ မရ၊ refund လည်း မရ။ Crypto သုံးဖူးတဲ့ သူတိုင်း သိပြီးသားပါ၊ ဒါပေမဲ့ ads ဖိုးအတွက် ပို့တဲ့အခါ ပမာဏက များတတ်လို့ တစ်ခါထပ်ပြီး သတိပေးချင်ပါတယ်။
Business owner တွေအတွက် ဘာဆိုလိုလဲ
Myanmar ကနေ Facebook Ads လုပ်နေတဲ့ သူတွေအတွက် အခက်အခဲ အကြီးဆုံးက payment ပါ။ International card ရဖို့ ခက်တာ၊ card decline ဖြစ်တာ၊ agency account ငှားရတာတွေ ကြုံနေရတယ်။ ဒီသတင်းက အဲဒီ ပြဿနာကို ဖြေရှင်းပေးနိုင်မလား ဆိုပြီး မျှော်လင့်ချက် ဖြစ်စရာ ကောင်းပါတယ်။
ဒါပေမဲ့ လက်ရှိ အရှိကိုပဲ ပြောပါရစေ — ရနိုင်ခြေ မရှိသေးပါဘူး။
အကြောင်းရင်းက ရှင်းပါတယ်။ ဒါက အချို့နိုင်ငံမှာပဲ ဖွင့်ထားတဲ့ feature ဖြစ်ပြီး Myanmar ပါ/မပါ Meta က မကြေညာသေးပါဘူး။ standalone မဟုတ်တဲ့အတွက် အခြေခံ payment method တစ်ခုတော့ လိုနေတုန်းပါပဲ။ USDC ဝယ်ဖို့ကိုယ်တိုင်က exchange တစ်ခုနဲ့ wallet တစ်ခု လိုပြီး၊ အဲဒီအဆင့်တွေမှာလည်း ကိုယ်ပိုင် အန္တရာယ်တွေ ရှိပါတယ်။ Binance လို exchange တွေတော့သုံးကြပေမဲ့ ကျွမ်းကျင်တဲ့သူ ရှားပါတယ်
လက်ရှိ မျှော်ရမှာကတော့ —
- ကိုယ့် ad account ထဲ ဝင်စစ်ပါ။ Payment settings မှာ stablecoin option ပေါ်မလာရင် ကိုယ့်နိုင်ငံမှာ မရသေးဘူးလို့ ယူဆလို့ရတယ်
- စမ်းမယ်ဆိုရင် ငွေအနည်းငယ်နဲ့ စမ်းပါ။ ပထမဆုံး transaction မှာ ရာနဲ့ချီပြီး မဖြည့်ပါနဲ့
- Address နဲ့ network ကို နှစ်ခါ စစ်ပါ။ ဒါက ပြန်ပြင်လို့ မရတဲ့ အမှားမျိုးပါ
- ကုန်မယ့် budget လောက်ပဲ ဖြည့်ပါ။ Refund က ad credit ပဲ ပြန်ရမှာမို့ ကြိုပြီး အများကြီး ဖြည့်ထားတာ အကျိုးမရှိပါဘူး
- Fee ကို confirm မလုပ်ခင် ကြည့်ပါ။ Network fee က အချိန်အလိုက် အတက်အကျ ရှိတတ်ပါတယ်
ဒါဟာ ads ရဲ့ ကုန်ကျစရိတ်ကို လျှော့ပေးတဲ့ feature မဟုတ်ဘူး၊ ငွေပေးချေမှု လမ်းကြောင်း တစ်ခု တိုးလာတာပါ။ Crypto နဲ့ အလုပ်လုပ်နေကျ business တွေအတွက် အဆင်ပြေနိုင်ပေမဲ့၊ crypto ကို မကိုင်ဖူးသေးတဲ့ SME တစ်ခုအတွက်တော့ အခုချက်ချင်း ပြောင်းဖို့ အကြောင်းပြချက် မရှိသေးပါဘူး။
ကိုယ့် ad account ထဲ ဒီ option ပေါ်နေပြီလား စစ်ကြည့်ပြီး comment မှာ ပြောပြပါ — ဘယ်နိုင်ငံတွေမှာ တကယ် ရနေပြီလဲ ဆိုတာ အတူတူ စောင့်ကြည့်ကြတာပေါ့။

Comments